ကျွန်တော်၏ Blog လေးအတွက် ကျေးဇူးတင်ထိုက်သူများ

ကျွန်တော် Blog ကို စပြီးတွေ့မိတာ မကြာသေးပါဘူး။ စစချင်းတော့ ရုံးလုပ်ငန်းထဲက စိတ်ပျက်စရာ တွေကို ရေးဖို့ပဲ အာသီသ ရှိနေလို့ ရင်ဖွင့်ရာနေရာတစ်ခုအဖြစ် တင်လိုက်မိပါတယ်။ အဲဒီကနေ စပြီး အခြားသူတွေရေးထားတဲ့ Blog တွေ လျှောက်ဖတ်ရင်းမှ တဖြည်းဖြည်းအားကျလာမိပါတယ်။

ကျွန်တော်တို့မြန်မာတွေတော်ကြပါတယ်။ စာအရေးအသားမှာလည်းတော်ကြတယ်။ Blog ကို လှပ အောင်မွမ်းမံတဲ့နေရာမှာလည်း တော်ကြပါတယ်။ ကျွန်တော်ဒီနေရာကနေ မြန်မာ Blogger များကို စိတ်ရင်းအတိုင်း ချီးကျူးလိုက်ပါတယ်။

ခေါင်းစဉ်ရဲ့လိုရင်းက အခုမှပဲရေးရပါတော့မယ်။ ကျွန်တော့်ရဲ့ Blog လေးအတွက် ကျေးဇူးတင်ထိုက် သူများ များစွာပါပဲ။ မြန်မာ Blogger များအားလုံးဟာ ကျွန်တော့်ရဲ့ မြင်ဆရာများပါပဲ။ ကို Saturngod ကိုတော့ ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော့်ရဲ့ Blog ဆရာလို့ ပြောချင်ပါတယ်။ သူရဲ့ Blog လုပ်မယ် စာအုပ်ရပြီးမှ သေချာလုပ်ဖြစ်လို့ပါ။ တခြား Blog လုပ်ရန် လမ်းညွှန်စာတွေရေးပေးတဲ့ ကိုညီလင်းဆက်၊ ကိုရန်အောင်၊ ကိုမောင်လှ၊ ကိုကဒေါင်း၊ မညလေး၊ အများကြီးပါပဲ။ ကျွန်တော်အားလုံးကို မမှတ်မိတော့တာ ၀န်ခံပါတယ်။ သို့သော် ကျွန်တော့် ရဲ့ Bookmarks ထဲမှ Blog ဆိုတဲ့ Folder မှာတော့ ကျွန်တော်ဝင်ရောက်လည်ပတ်ထားတဲ့ စာရင်းတွေကို မှတ်ထားပါတယ်။ ဒါကတော့ Blog အတွက် ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူး တင်မိတာပါ။

နောက်တစ်ချက်ကတော့ ကျွန်တော့်ရဲ့ ဥာဏ်အလင်းကို ဖွင့်ပေးတဲ့ ကလောင်ရှင်များကတော့ ကိုစေးထူး၊ ကိုကဒေါင်း၊ ကိုရန်အောင်၊ မနိုင်းနိုင်းစနေ၊ မမေဒါဝီ၊ မလင်းလက်ကြယ်စင်၊ ကိုမက်ထရို၊ ကိုညီလင်းဆက်၊ etc… ပါ။ (တခြားသူများလည်းပါပါတယ် ကျွန်တော့် ကလောင်ရှင်တွေကို မှတ်မိသလောက် ရေးထားတာပါ။) သူတို့ကိုတော့ ဒီနေရာကနေ အသိပေးထားချင်ပါတယ်။ ကျွန်တော့် အပေါ်က ကလောင်ရှင်များရဲ့ စာများကို ကြိုက်လွန်းလို့ Copy လုပ်ပြီး MSWord မှာ စုဆောင်းထားပါတယ်။ ကျွန်တော် ခွင့်မတောင်းပဲ ခိုးယူတယ်လို့ ကိုယ့်စိတ်ကိုယ်မသန့်လို့ ဒီနေရာကနေ အသိပေးဝန်ခံပြီး နောက်လည်း ဒီလို ဆက်လုပ်မယ်ဆိုတာ ကြိုတင်ဝန်ခံထားတာပါ။ ကြိုက်လို့ ဗဟုသုတ ရလို့ သိမ်ထားခြင်းပါ။ တခြားရည်ရွယ်ချက် ဘာမှ မရှိပါဘူးဗျာ။

သြော် မေ့ခဲ့လို့ ကျွန်တော့်ကို Blog လုပ်ဖြစ်ဖို့ရန် အားပေးခဲ့တဲ့ ကျွန်တော့်ရဲ့ညီညီလို့ခေါ်တဲ့ ညီရယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ရင်ဖွင့်သံကို အားပေးခဲ့တဲ့ ရုံးမှ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများရယ်ကို လည်းကျေးဇူးတင်မိပါတယ်ဗျာ။

ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်လျက်ပါဗျာ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: