ဖတ်ခဲ့မိသော ဆောင်းပါးတစ်ပုဒ်မှ အတွေးတစ်စ

လွန်ခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ဟာ ဟီရိုရှီးမားနေ့ ကမ္ဘာမြေသို့ အဏုမြုဗုံး ပထမဆုံးချခဲ့သောနေ့ သြဂုတ်လ ၉ ရက်နေ့ဟာ နာဂါဆာကီမြို့သို့ ဒုတိယမြောက် အဏုမြူဗုံးချခဲ့သော ကမ္ဘာ့သမိုင်းဝင် နေ့ကြီးများဖြစ်ကြပါသည်။
၎င်း ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် လူကလေး little boy အမည်ပေးထားသော အဏုမြူဗုံး နှင့် သြဂုတ်လ ၉ ရက်နေ့မှာတော့ လူဝကြီး fatman ဟုအမည်ပေးထားသော အဏုမြူဗုံး နှစ်လုံး ကြောင့်ဂျပန်ပြည် Hiroshima နှင့် Nagasaki မြို့တို့ ပြာပုံအတိ ဖြစ်ခဲ့ကြရရှာသည်။
ထိုသို့ လူသားတို့ သိန်းချီပြီး မရှုမလှသေကြေပျက်စီးခြင်းသို့ ရောက်ကြရသည့်အပြင် ၄င်းအဏုမြူဗုံး ဒဏ်၏အကျိုးဆက်များကြောင့် ရောဂါဝေဒနာဆန်းများကိုလည်း ကျန်ရစ်သူများက ဆက်လက် ခံစားခဲ့ကြရပြန်သည်။
ဂျပန်တို့က ပြာပုံအတိဖြစ်နေသော မြို့ ကြီးနှစ်မြို့ကို ကြည့်၍ ယူကျုံးမရ ဖြေမဆည်နိုင်မှုနှင့် ခံစားမှု နာကြည်းမှုကြီးများက တစ်မျိုးသားလုံးသို့ လွှမ်းမိုးထားနေချိန် ဖြစ်သည်။
ဤမည်သော ဂျပန်အမျိုးသားထုကြီးအား လွှမ်းမိုးနေသော ခံစားမှု နာကြည်းမှုကြီးကို ဂျပန်အဘိုးအို တစ်ဦး၏ အမှတ်မထင် ပြောလိုက်သောစကားကြောင့် အသိတရားများရကြကာ ဂျပန်တို့၏ ဖြေမဆည်နိုင်သော ခံစားမှု နာကြည်းမှုကြီးများက တစ်မျိုးသားလုံးမှာ ရုတ်ခြည်းပြောင်းလဲလာခဲ့ ကြရပေတော့သည်။
အဘိုးအိုက လူစုဝေးနေကြသော နေရာတစ်နေရာ၌ ဤသို့ဆိုခဲ့သည်။ Hiroshima ကို အမေရိကန် တို့အဏုမြူဗုံးချခဲ့လို့ နာကြည်းနေရမှုထက် Nagasaki ကို တို့ဂျပန်တွေက အဏုမြူဗုံးချခဲ့တာဟာ တစ်မျိုးသားလုံးအတွက် ပိုလို့မခံရပ်နိုင်လောက်အောင် နာကြည်းဖို့ကောင်းလှတယ် ဟု လူပုံ အလယ်၌ ဟစ်ကြွေးပြောဆိုနေလေတော့သည်။
ဒီတော့လူအများက အဘိုးကြီးကို ခဲနဲ့ပေါက်ကြ၊ တစ်ချို့က ဖိနပ်နဲ့ချွတ်ပေါက်ကြ၊ အချို့က အရူးကြီး ဟုဆိုကာ ထွက်ခွာသွားခဲ့ကြသည်။ ဤအခြင်းအရာကို မြင်ကြားနေရသော ကျောင်းဆရာတစ်ဦးက အဘိုးအိုအား လူအုပ်ကြားမှ အတင်းဆွဲထုတ်ကာ စက်ဘီးဖြင့်တင်၍ လွတ်ရာသို့ နင်းပြေးခဲ့ရသည်။ ဘေးလွတ်ရာ လက်ဖက်ရည်ဆိုင်အတွင်းသို့ အဘိုးအိုအား ခေါ်ဆောင်ကာ-
”အဘ… ဒီအချိန်မှာ ဘာကြောင့် ဒီလိုစကားမျိုးကို ပြောလိုက်ရတာလဲ။ တစ်မျိုးသားလုံး အမေရိကန် ကိုနာကြည်း မုန်းတီးနေချိန်မှာ အဘက အမေရိကန်တို့က Hiroshima ကို အဏုမြူဗုံးချခဲ့တာထက် တို့ဂျပန်စစ်သွေးကြွ ဗိုလ်ချုပ်တွေကNagasaki ကို အဏုမြူဗုံးထပ်ချခဲ့တာက ပိုလို့ရင်နာ နာကြည်း ဖို့ ကောင်းလှတယ်လို့ သွားပြောတော့ အဘကို ဘယ်သူက လက်ခံမှာလဲ။ သတ်ချင်ကြမှာပေါ့ အဘရယ်။ အဘရူးနေသလား။ ဘာကြောင့် ဒီစကားတွေကို ပြောရတာလဲ“ ဟု ကျောင်းဆရာက အဘိုးအိုအား သိချင်ဇောဖြင့် မေးလာခဲ့ရာ အဘိုးအိုမှာ ရေနွေးတစ်ခွက်ကို သောက်ရင်းက-
“မောင်ရင်က ဘာလုပ်သလဲ“ “ကျောင်းဆရာပါအဘ“
“အေး-ကျောင်းဆရာဆိုတော့ ပညာတတ်ပေါ့ကွာ။ ဟုတ်ပြီလား။ အဘပြောပြပါ့မယ်။ တို့ရဲ့ Hiroshima ကို အမေရိကန်တို့က ဗုံးချခဲ့တာမှန်တယ်။
အဏုမြူဗုံးဒဏ်ကြောင့် Hiroshima မှာ ကလေးသူငယ် ရင်ခွင်ပိုက်ကအစ ကိုယ်ဝန်ဆောင်အဆုံး လူပေါင်းသိန်းချီလို့ မရှုမလှ သေကြေပျက်စီးခဲ့ကြတာကို တို့စစ်ဗိုလ်ချုပ်ကြီးတွေက မျက်မြင်၊ တစ်နိုင်ငံ လုံးကလည်း မျက်မြင်ကိုယ်တွေ့ပဲ မဟုတ်လား။
ဒီတော့ Hiroshima ကို အဏုမြူဗုံးချပြီး အမေရိကန်တို့က လက်နက်ချခိုင်းခဲ့တာကို တို့စစ်သွေးကြွ ဗိုလ်ချုပ်ကြီးတွေက ခေါင်းမာပြီး လက်နက်မချခဲ့ကြဘူး။ ပထမရက် စဉ်းစားလို့ရတယ်။ သူတို့ စည်းဝေးလို့ရတယ်။ ဒုတိယနေ့မှာ အချိန်မီလက်နက်ချလိုက်ရုံပဲပေါ့။
ဒီတော့ အခုဘာထူးသလဲ။ သြဂုတ်လ ၉ ရက်နေ့မှာ Nagasaki မြို့ပေါ် ဒုတိယအဏုမြူဗုံး ထပ်ချ လိုက်တော့မှ စစ်သွေးကြွတွေက လက်နက်ချခဲ့ကြတယ်။
ဒီတော့အဘဆိုလိုတာက ပထမဗုံးဟာ အဏုမြူပါဆိုတာကို တို့စစ်သွေးကြွက သိလျက်နဲ့ အဲဒီ အဏုမြူဗုံးမျိုး တို့မှာမှ မရှိတာ။ ဒီတော့ ဒီစစ်ကို ဆက်တိုက်နေဖို့လိုသေးသလား။ အဏုမြူဗုံး သုံးနေတဲ့စစ်ကို ဆာမူရိုင်းဓားနဲ့ တက်ခုတ်လို့ ရနိုင်မှာတဲ့လား။
ဒီတော့ တို့စစ်သွေးကြွတွေရဲ့ အတွေးအခေါ် စစ်ဆင်ရေးဆုံးဖြတ်ချက်တွေက အလွန်နိမ့်ကျ နေခဲ့လို့ အခုလို Nagasaki မြို့ပါ ပြာပုံထပ်ဖြစ်ခဲ့ရတာပဲ မဟုတ်လား။ စစ်သွေးကြွတွေကသာ အချိန်မီ လက်နက်ချခဲ့ရင် ဒုတိယအဏုမြူဗုံးက Nagasaki ပေါ်ကျလာစရာအကြောင်း မရှိပါဘူး။ အဘက ဒါကိုဆိုလိုတာပါ။”
အဘိုးအို၏ စကားကို ကြားလိုက်ရတော့ ကျောင်းဆရာသည် သက်ပြင်းချလိုက်နိုင်ရုံမှလွဲ၍ ဘာမျှ ပြန်မပြောနိုင်ဘဲ တွေဝေနေလေတော့သည်။
ဒီတော့ အဘိုးအိုက-
“အခုမြို့ ကြီးနှစ်မြို့ ပြာကျသွားခဲ့င်္ပြီး အဘမေးပါရစေ။ ဒီစစ်သွေးကြွတွေက ဘာဆက်လုပ်ကြမလဲ။ ဒီနာကြည်းခြင်း၊ မုန်းတီးခြင်းတွေကို ရှေ့တန်းတင်ပြီး ပြောနေကြဦးမှာလား။ နေ့စဉ်နဲ့အမျှ သတင်းစာ၊ စာစောင်တွေမှာ ဒီအဖြစ်အပျက်ရဲ့ ယူကျုံးမရစရာတွေ၊ အမေရိကန်တို့ကို နာကြည်းမှုတွေကိုပဲ ရှေ့တန်းတင်ပြီး လူထုကို ခံစားမှုတွေ ပေးနေကြမှာလား။ ဒီလို လူထုကို ခံစားမှုတွေပေးရုံနဲ့ တို့ အမေရိကန်တွေကို ပြန်နိုင်မှာတဲ့လား”
ဒီတော့မှ ကျောင်းဆရာကလည်း ဘေးစားပွဲမှ သတင်းစာကြီးတစ်စောင်ကို မျက်စောင်းထိုး ကြည့်ရင်းက-
“ဟုတ်ပါတယ် အဘရယ်” ဟုဝန်ခံလိုက်သည်။
ဒီတော့မှ အဘိုးအိုက -
“တို့တစ်မျိုးသားလုံးနဲ့ အဓိက စစ်သွေးကြွတွေသိထားရမှာက အခုစစ်ကြီးကို မရှုမလှရှုံးရတာ တို့မှာ အဆင့်မြင့် သိပ္ပံနည်းဗျူဟာတွေ မရှိလို့ဘဲ။
ဒါကြောင့် ရှေ့ဆက် အဆင့်မြင့်သိပ္ပံနည်းဗျူဟာ နိုင်ငံမှာမရှိရင် စစ်ကိုလည်း ဘယ်လိုမှ ယှဉ်နိုင်စရာ မရှိသလို စီးပွားရေးမှာလည်း အဆင့်မြင့်သိပ္ပံနည်းဗျူဟာ မရှိတဲ့နိုင်ငံက ဘယ်လိုမှ သူများအရှေ့ကို မရောက်နိုင်ဘဲ ယှဉ်လို့လည်းမရနိုင်ပါဘူးဆိုတာကို စစ်သွေးကြွတွေက သိဖို့လိုပါတယ်။
ဒါကြောင့် အဘဆိုလိုချင်တာက တို့ဂျပန်တွေ စစ်ထက် အဆင့်မြင့်သိပ္ပံနည်းဗျူဟာတွေကိုသာ ရယူဖို့ ဦးစားပေးသင့်တယ်။ စစ်သွေးကြွတွေက ဒီဆာမူရိုင်းဓားကို ခါးမှာချိတ်ပြီး စစ်သွေးကြွနေလို့ကတော့ ဂျပန်တို့ရဲ့အမျိုးသားရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေးတွေဟာ ရှေ့ဆက်မှေးမှိန်သွားဖို့ပဲရှိတယ်ဆိုတာကို အဘပြောချင်တာပါပဲ”
ဟုဆိုကာ အဘိုးအိုမှာ ရေနွေးတစ်ခွက်သောက်ပြီး ကျောင်းဆရာရှေ့မှ ထထွက်လို့သွားလေတော့ သည်။
ကျောင်းဆရာသည် အဘအား မျက်စိတစ်ဆုံးကြည့်ရင်းမှ အတွေးတစ်ခုဝင်လာကာ အဘပြောသမျှ ကို ချက်ချင်းချရေးပြီး နေ့ချင်းပင် ပုံနှိပ်စက်တစ်ခုစီသွား၍ ၄င်းစာသားများကို ပုံနှိပ်ကာ သူ့ကျောင်းသားတပည့်များအား စည်းရုံး၍ လက်ကမ်းစာစောင်များအဖြစ် ဝေငှခဲ့သည်။
၎င်းလက်ကမ်းစာစောင်များသည် တစ်ဆင့်ပြီးတစ်ဆင့်ပွားလာရာ နောက်ဆုံးစစ်ဗိုလ်ချုပ်ကြီးများ ဆီရောက်ပြီး အထက်တန်းစစ်ဦးစီးအချို့က ကြီးစွာသော နောင်တ တရားရသွားခဲ့ကြသလို အချို့ စစ်ဦးစီးအထက်တန်းအရာရှိတို့က မိမိကိုယ်မိမိ သတ်သေခဲ့ကြရသည်လည်း ရှိလာခဲ့သည်။
ဂျပန်တို့သည် ထိုအချိန်မှစ၍ စစ်ထက် အဆင့်မြင့်သိပ္ပံနည်းဗျူဟာများရရှိရေးကို ဦးစားပေးကာ ယနေ့ ကမ္ဘာပေါ်တွင် အဆင့်မြင့်သိပ္ပံနည်းဗျူဟာများနှင့် ပတ်သက်၍ ကမ္ဘာကျော်ပြီး အမေရိကန်တို့နှင့် တန်းတူရည်တူ ပခုံးချင်းယှဉ် နေနိုင်ကြပြီဖြစ်သလို လူမျိုး၊ အမျိုးသားရေး၊ နိုင်ငံရေး၊ စီးပွားရေးတို့၌လည်း ကမ္ဘာ့အလယ် မော်ကြွားလို့မြင့်မားနေခဲ့ကြပြီ မဟုတ်ပါလား။
ဤသည်ကား Hiroshima နှင့် Nagasaki မြို့များသို့ အဏုမြူဗုံးကျခဲ့ပြီးနောက် ဂျပန်စစ်သွေးကြွ ဗိုလ်ချုပ်ကြီးများ၏ အတွေးအခေါ်သစ်များဆီသို့ အချိန်မီလျှောက်လှမ်းနိုင်ခဲ့ခြင်းကြောင့်ပင် မဟုတ်ပါလား။ စစ်ကိုဦးစားပေးနေခြင်းက နိုင်ငံ့စီးပွားရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး မြင့်မားမှု အတွက် အချည်းအနှီးပင် ဖြစ်နေမည်ဟူသော အချက်ကို စစ်သွေးကြွဗိုလ်ချုပ်ကြီးများက ကောင်းကောင်း သဘောပေါက်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
၎င်းအထက်ပါဆောင်းပါသည် ၂၀၀၁ ခုနှစ် အောက်တိုဘာလထုတ် ဂမ္ဘီရမဂ္ဂဇင်းမှ ဘဲလားလေဘာတီ ရေးထားသော “Survival Zone ဘယ်မှာဖြစ်မလဲ” ဆောင်းပါးကို ရုံးအားချိန်တွင် မဂ္ဂဇင်းအဟောင်းများအားပြန်ဖတ်ခြင်းမှ တွေ့မိပြီး အတွေးတစ်စပွားမိ၍ နိဒါန်းထားပြီး တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
၎င်းဆောင်းပါးကြောင့် ကျွန်တော်သည် အဘိုးအိုတွေးမိသလို အမိနိုင်ငံအတွက် အတွေးတစ်ခု လှစ်ခနဲ ဖြစ်မိပါသည်။ ယခုအခါ ကျွန်တော်တို့နိုင်ငံ အာဏာရှင်များသည် တစ်ချိန်က မြန်မာပြည်ကြီး ယိုးဒယားအား နိုင်ဖူးသည် ဆိုတာကိုပဲ ပြောပြောနေသည်။ ယခုအခါ ထိုင်းသည် မြန်မာပြည် ထက် အဆပေါင်းများစွာ သာ၍ ခေတ်မီတိုးတက်သော နိုင်ငံဖြစ်နေသည်ကို လျစ်လျူရှုထားပြီး ယခင်က နိုင်ခဲ့တာကိုပဲ စားမြုံပြန်ပြီး မျိုးချစ်စိတ်ပြနေတာကို အတွေးအာရုံထဲ၌ ဖမ်းစားမိသောကြောင့် ဖြစ်ပါသည်။
ဂျပန်စစ်သွေးကြွဗိုလ်ချုပ်ကြီးများ အမြင်မှန်ရပြီး တိုင်းပြည်အား ပြုပြင်မှုများ၊ လူမျိုးရေးစိတ်ဓါတ်များ မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် မိမိ၏အမှားကို မြင်ပြီး အမှန်ကိုပြုပြင်ရဲသည့် စိတ်ဓါတ်များသည် လေးစားအားကျ အတုယူစရာများ ဖြစ်သည်ဟု ထင်မိပါသည်။ မြန်မာပြည်မှ တစ်ကိုယ်ကောင်း အာဏာရှင်များလည်း မိမိတို့၏ အမှားကိုမည်သည့်အချိန်မှ မြင်ပြီး မည်သည့်အချိန်မှ ပြုပြင်ရဲသည့် စိတ်ဓါတ်များ မည်သည့် အချိန်ရောက်လာပါမည်လဲ။
ကျွန်တော်သည်လည်း ကျောင်းဆရာပြုလုပ်သောနည်းလမ်းအတိုင်း ကျွန်တော်၏ ရင်ဖွင့်ရာ blog လေးမှတစ်ဆင့် ဤဆောင်းပါးလေးကို ချရေးပြီး လာဖတ်သော လူနည်းစုမှ ပြန်လည်ပြီး စည်းရုံး ပေးနိုင်ပါရန် ဆုတောင်းလိုက်ရပါသည်ဗျာ။
လူသားတိုင်းအမြင်မှန်ရရှိပြီး မိမိ၏အမှားကို ပြုပြင်နိုင်ရဲသော စိတ်ဓါတ်ပိုင်ဆိုင်နိုင်ကြပါစေ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: