မိမိကိုယ်ကို တည်ဆောက်ခြင်း

ရှင်သန်နေထိုင်ခွင့်ရနေတဲ့ အချိန်ကာလတစ်ခုအတွင်းမှာ ဖြစ်ပြီးခဲ့တာတွေ၊ ယခုလက်ရှိ ဖြစ်ပျက်နေတာတွေ၊ နောင်တစ်ချိန်မှာ ဖြစ်ပျက်လာမဲ့အကြောင်းအရာတွေဟာ …… မိမိဘ၀မှာ အရေးကြီးတာလည်းရှိသလို ၊ သာမန် ကိစ္စရပ် တွေဆိုပြီး အသေးအဖွဲတွေအဖြစ်လည်း ရှိနိုင်တာပါပဲ …. လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ပညာရှာမှီးရာ အသိုင်း အ၀ိုင်းမှာပဲဖြစ်ဖြစ် ၊ မိတ်ဆွေ အပေါင်းအသင်းဆက်ဆံရေးကဏ္ဍမှာပဲဖြစ်ဖြစ်၊ နှလုံးသားအရေးကိစ္စမှာပဲဖြစ်ဖြစ် …….. အကြောင်းအရာတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ လေးနက်မှု၊ နက်ရှိုင်းမှု စတဲ့ အတိမ်အနက် သိပ်သည်းမှု တွေရှိမှာပါပဲ ……. ။

တစ်ချို့အကြောင်းအရာတွေက လူတွေရဲ့ အတ္တမာနတွေကို မြင်သာစေသလို တစ်ချို့အဖြစ်အပျက်တွေက လူတွေရဲ့ ကိုယ်ကျင့်တရား မတည်ကြည်မှု၊ ဂုဏ်သိက္ခာအားနည်းမှု၊ တရားမျှတခြင်းမရှိမှုတွေကို ထင်သာမြင်သာရှိစေ တတ်ပါတယ် ။ အဲဒီလို အကြောင်းတရားတွေကြောင့် ….. နောက်ဆက်တွဲအနေနဲ့ မလိုလားအပ်တဲ့ ထိခိုက်နာကျင်မှုတွေဟာ ကျန်တစ်ဖက်သားလူတွေအပေါ်မှာ ခါးသက်မှုတွေကို သက်ရောက်စေတတ်ပါတယ် ….. ။ အဲဒီအခါ တန်ပြန်သက်ရောက်မှုအကျိုးဆက်တွေ ရှိလာတတ်သလို လျစ်လျူရှု ဥပေက္ခာပြုထားလိုက်ကြတာလည်း ရှိနိုင်တာပေါ့ ….. ။

ဒါပေမယ့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကတော့ အဖြစ်အပျက်တိုင်းကို ကံ၊ ကံ၏အကျိုးပေးလို့ နားလည် လက်ခံထားလေ့ရှိကြတာမို့ မည်သူ့ကိုမျှ အပြစ်တင်လေ့မရှိကြပါဘူး ။ သည်းခံစိတ်နဲ့ နေထိုင်ရင်း အချိန်ကာလတစ်ခု အတွင်းမှာပဲ မေ့ပျောက်ပစ်လိုက်ကြတာ များပါတယ်။ ဒါဟာ တစ်ချို့အတွက်ပဲ ဖြစ်နိုင်ပြီး တခြားသူတွေအတွက်မှာ လက်ခံနိုင်ဖို့ ခက်ခဲတတ်ကြမှာပါ ။ အရာအားလုံးဟာ မည်သူ့အတွက်မဆို ပုံသေမှတ်ယူလို့မရပါဘူး ။ တစ်ခါတစ်ရံမှာ အဖြစ်အပျက်တစ်ခုဟာ လွယ်မယောင်နဲ့ ခက်ခဲသွားတတ်ပြီး တိမ်မယောင်နဲ့ နက်ရှိုင်းစေတတ်ပါတယ် ။

မည်သူမဆို အမှားအယွင်းကင်းစင်တဲ့ပုဂ္ဂိုလ် ၊ အမှန်တရားကို ချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ် ၊ ကိုယ်ကျင့်တရား ခိုင်ကြည်တဲ့ပုဂ္ဂိုလ် ၊ တစ်ကိုယ်ကောင်းမဆန် အတ္တကင်းတဲ့ ပုဂ္ဂိုလ် ၊ ကိုယ်ချင်းစာတရား မုဒိတာတရား စေတနာတရား အားကောင်းတဲ့ပုဂ္ဂိုလ် စသဖြင့် နာမ၀ိသေသနအထူး အထူးတွေနဲ့ မွမ်းမံထားတဲ့ လူသတ္တ၀ါ ဖြစ်ချင်ကြတာပေါ့ ….. အဲဒီလို ဂုဏ်ဒြပ်တွေနဲ့ ဖော်ကျူးနိုင်ဖို့ကိုလည်း ကျွန်ုပ်တို့လူသားတွေ အသေအချာကို ကြိုးပမ်း အားထုတ် ခဲ့ကြပါလိမ့်မယ် ……… ။ ဒါပေမယ့် ….. လောကကြီးမှာ ကိစ္စရပ်တိုင်းဟာ မိမိ စိတ်တိုင်းကျ မိမိခြယ်လှယ်သမျှ ဖြစ်ခွင့်ရှိလို့လား …… ဖြစ်လာနိုင်လို့လား ……. ဖြစ်ခဲ့လို့လား ….. ။ ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းကျအောင် တည်ဆောက်နိုင်အောင် ကျွန်ုပ်တို့လူသားတွေ စွမ်းနိုင်ပါ့မလား …… ။

ဒါပေမယ့် ကျွန်ုပ်တို့လူသားတွေဟာ နေ့စဉ်နှင့်အမျှ မျှော်လင့်ချက်ကိုယ်စီနဲ့ ရုန်းကန်လှုပ်ရှားကြရင်း ဆန္ဒတွေ၊ အိမ်မက်တွေကို (ဖြူစင်သည်ဖြစ်စေ ၊ မဖြူစင်သည်ဖြစ်စေ) ကျားကုတ်ကျားခဲ အကောင်အထည်ဖော် နေကြတာပါပဲ။ အဓိက သတိထားရမှာက မိမိပယောဂကြောင့် မသက်ဆိုင်တဲ့ တစ်ခြားသူတွေအပေါ်မှာ အစွန်းအထင်းတွေ၊ နာကျင်ခံခက်မှုတွေ၊ ဆုံးရှုံးမှုတွေ မရှိစေသင့်ပါဘူး …… ။ မိမိရဲ့ တစ်စုံတစ်ခုကို လိုချင်တပ်မက်မှု ၊ ရယူပိုင်ဆိုင်လိုမှုကြောင့် တခြားသူမှာ ထိခိုက်နစ်နာမှု (စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာဖြစ်စေ) တွေ ပေါ်ပေါက်ခဲ့ပြီဆိုရင် …. ဒါဟာ သေချာပါတယ် ….. မိမိဦးတည်ချက်ဟာ မှန်ကန်မှုမရှိတဲ့ မှားယွင်းစွာ ဆုံးဖြတ် တည်ဆောက်ထားတဲ့ ၊ အတ္တဆူးတွေနဲ့ ပြည့်နှက်နေတဲ့ ပန်းတိုင်တစ်ခုဆိုတာပါပဲ …. ။

ဒါကြောင့် ….. မိမိဘ၀ကို ဘယ်လိုပုံသဏ္ဍာန်နဲ့ ရပ်တည်ချင်သလဲဆိုတာ အရေးကြီးပါတယ် ….. ။ ငွေကြေးဥစ္စာ၊ ဂုဏ်ဒြပ်တွေနောက်ကို မျက်နှာသာပေး လိုက်ပါစီးမျောမလား ….. ရိုးသားဖြူစင်တဲ့ ကိုယ်ကျင့်တရားနဲ့ အိမ်မက်တွေကို တည်ဆောက်ပုံဖော်မလား ဆိုတာ မိမိကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိကြတာနော် ….... ။
ဘ၀ ဆိုတာ အနိမ့်အမြင့် အတက်အကျတွေနဲ့ အစီအရီ ပြည့်နှက်နေတဲ့ ခရီးလမ်းရှည်ကြီးတစ်ခုပါ ။ ဘ၀ခရီးတစ်လျှောက်မှာ ကြုံဆုံရတဲ့ လူသားအချင်းချင်း ရိုးစင်းစွာ ဆက်ဆံသွားကြရင်း ၊ အပြန်အလှန် ဖေးမကူညီ သွားကြရင်း ၊ ပျော်ရွှင်မှုတွေ အောင်မြင်မှုတွေကို မျှဝေခံစားကြရင်း ၊ ဘ၀အဓိပ္ပါယ်တွေကို သန့်ရှင်းစွာ ရှာဖွေ ဖွင့်လှစ် သွားနိုင်ကြမယ်ဆိုရင် လူ့လောကကြီးဟာ သာယာလှပတဲ့ ငြိမ်းချမ်းအေးမြတဲ့ ပျော်စရာနေရာလေးတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ ……… ။
အားလုံးက စိတ်ထားတစ်ညီညာတည်း ညီညွတ်စွာ တည်ရှိနေမယ်ဆိုရင် မဖြစ်နိုင်စရာအကြောင်း လုံးဝမရှိပါဘူး …….. ယုံကြည်လျက် ………. ။

source: http://www.ainmat.com/index.php?/archives/3884-unknown.html

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments: