အတွေးများ

ဒီနှစ်သင်္ကြန်မှာ အပြင်မထွက်မိဘဲ အိမ်တွင်းအောင်းနေရင်းနဲ့ စိတ်ကူးလေးတွေတစ်ခုပြီးတစ်ခု ကွန့်မြူးဖြစ်တယ်ဗျ။ ပထမတော့ ဘုန်းကြီးဝတ်မလားလို့ စဉ်းစားဖြစ်တာပေါ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဘုန်းကြီးဝတ်ဖို့ စိတ်ကူးလည်းပျက်သွားတယ်။ ဒီကြားထဲ ရန်ကုန်မီးကလည်း လာတစ်လှည့် ပျက်တစ်လှည့်ဆိုတော့ အိပ်လိုက် စားလိုက်ကပိုများပါတယ်။ မီးကသဘောကောင်းတယ် ဆိုရမလားဘဲ သင်္ကြန်တွင်းကို မီးကပိုလာများတော့ ဘယ်သူ့ကို ကျေးဇူးတင်ရမှန်းမသိ တင်မိပြန်ရော။ ကျေးဇူးတင်ချင်တဲ့ စိတ်ကူးပါ။ တကယ်တော့ မတင်ဖြစ်ပါဘူး။

သင်္ကြန်မိုးကလည်း ရွာမလို လုပ်လိုက် မိုးလေးအုံ့လိုက် တစ်ပေါက်နှစ်ပေါက်ကျလိုက် ပြန်တိတ်သွားလိုက်နဲ့ ပိတောက်ကို မျှော်ရတာလဲ ရင်မောရပါတယ်။ သင်္ကြန်တွင်းမှာတော့ ပိတောက်ကို မျှော်မိတာ ၀န်ခံချင်တယ်။ သင်္ကြန်တွင်းမှာ ပိတောက် ပွင့်တာကို မြင်ချင်တယ်။ ပိတောက်နဲ့ သင်္ကြန်အရမ်းလိုက်ဖက်ဆိုတဲ့ ကျွန်တော့ရဲ့ ခံစားချက်ကို ဝေမျှချင်တယ်။ သင်္ကြန်ပြီးမှတော့ ပိတေက်မပွင့်စေချင်ဘူးဗျာ။ သင်္ကြန်မတိုင်ခင်လည်းမပွင့်စေချင်ဘူး။ ဘာမှန်းကိုမသိဘူး သင်္ကြန်တွင်းမှာပဲ ပွင့်တာကိုကြိုက်ပါတယ်။

သြော်… ဘာပဲပြောပြော တစ်နှစ်တော့ကုန်ပြန်ပြီ။ အသက်လည်း တစ်နှစ်တော့ကြီးပြန်ပြီ။ ကုန်ခဲ့တဲ့နှစ်တွေမှာ ဘာတွေလုပ်ခဲ့မိသလဲ။ ပြန်စဉ်းစားတော့ ဘာမှလည်း မဟုတ်လှဘူး။ ရောက်လာမယ့် နှစ်သစ်မှာရော ဘာတွေလုပ်လို့ ဘာတွေတိုးတက်လာမလဲ သြော်… မှန်းဆရခက်လှချည့်။ ရွှေပြည်တော်မျှော်တိုင်းဝေးတဲ့ ဒီခေတ်ဒီအခြေအနေမှာ ကိုယ့်အိပ်မက်တောင် အကောင်အထည်ဖော်ခွင့်မရှိပါလားနော်။ ဒါပေမယ့် လုပ်တော့လုပ်နေပါတယ် လှော်ရင်းနဲ့ နစ်နေမိတယ်ဗျာ။ ဒီဘ၀ ဒီသံသရာကနေ ရုန်းထွက်ချင်မိတယ်။ လူသားအားလုံး အမြင်မှန်ရပြီး အားလုံးညီညွတ် စေချင်တယ်ဗျာ။

လူတိုင်း လူတိုင်းက ဘ၀အမောကို တရားရေအေးနဲ့တိုက်ဆေးနေကြတယ်။ ဗမာတွေမှာ ဘာလို့များ သီးခံစိတ်တွေ များပြားနေရတာလဲ။ စားဝတ်နေရေးအခက်အခဲကြောင့်ပဲလို့ သုံးသပ်မိပြန်တယ်။ မိမိရဲ့ ထမင်းအိုးကွဲမယ့်ကိစရဲ့ နောက်ကွယ်မှာ စဉ်းစားကြည့်ရင် အတွေးတွေအများကြီးပါဗျာ။ ကျွန်တော်ကိုယ်တိုင်းလည်း အပါအ၀င်ပေါ့။ ဒီအားနည်း ချက်ကပဲ ချယ်လှယ်သူရဲ့ အားသာချက်နဲ့ အသုံးချလက်နက်တစ်ခုများ ဖြစ်နေသလား။

လူငယ်တွေဆိုတာ နောင်တစ်ခေတ်ရဲ့ ခေါင်းဆောင်ပါဆိုတာ တစ်ကမ္ဘာလုံး လက်ခံပါတယ်။ အခုအသက်ကြီးသွားတဲ့ လူကြီးတွေနေရာမှာ လက်ရှိလူငယ်တွေ အစားထိုးဝင်ရောက်လာမှာပါ။ သို့သော် ထိုအစားထိုးဝင်ရောက်လာမယ့် လူငယ်တွေကို လက်ရှိလူကြီးများက တွဲခေါ်ရမယ်။ ဖေးမသင့်တာဖေးမပြီး လူငယ်များ၏ ကောင်းသော အမြင်များကို လက်ခံသင့်တာလက်ခံပြီး ပြုပြင်သင့်တာပြုပြင်ရမယ်။ လူငယ်လေးတွေ တိုးတက်အောင် အဆင့်မြှင့်တင်ပေးရမယ်။ အခုတော့ဗျာ မဟန်လှပါဘူး။ ပညာရေးစနစ်ဆိုတာလည်း စမ်းသပ်ဆဲအဆင့် ဒီတစ်နှစ်မကောင်း နောက်တစ်နှစ် တစ်ခြားဟာပြောင်း၊ ထင်တိုင်းလုပ် ပညာရေးပါလား။ အရေအတွက်တော့တိုးလာပါတယ်။ မြှင့်တင်ပါတယ် အရည်အချင်း မဟုတ်ဘူး အရေအတွက်ဖြစ်နေတယ်။ နေ့မအား ညမနား အကောင်အထည်ဖော်ပါတယ် အဆောက်အအုံများပါလား။ တိုင်းပြည်တွင်းက လူငယ်များ ပြည်ပထွက်သွားတော့ ပြောချင်ပြန်တယ် မျိုးချစ်စိတ်မရှိလို့တဲ့။ ပြောတဲ့လူအသိုင်းအ၀ိုင်းကိုယ်တိုင်ကရော မျိုးချစ်စိတ် အပြည့်အ၀ ဆိုတာ ရှိပါသလား။ မျိုးချစ်စိတ်ဆိုတာဘာလဲဆိုတာရော ဂဃနဏ သိပါရဲ့လား လို့ပြန်မေးချင်မိတယ်။ ဒါကြောင့် လူငယ်များ ကိုတိုက်တွန်းချင်တယ်။ မိမိဘာသာ Self Study လုပ်မှပဲ မိမိရဲ့ ညာဏ်အလင်းကို ဖွင့်နိုင်ပါမယ်။ လက်လှမ်းမီရာ စာပေများကို ဖတ်ရှုစဉ်းစားတွေးတောကြပါ။ မဟုတ်တဲ့ဘက်မှာ အားမသာဘဲ မှန်သောလမ်းကို ဖြောင့်မှန်စွာ လျှောက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းမိပါတယ်ဗျာ။

၂၉-၄-၂၀၀၇ နံက် ၁၀နာရီ ၄၆ မိနစ် နာရီ

သင်္ကြန်လည်း ပြီးရော မီးက ပျက်လိုက်တာ ၂ ရက်လာပြီးမှ ၁ ရက်ပဲ လာပါတော့တယ်။ ရာသီဥတုကလည်း ပူလိုက် တာဆိုတာ နေစရာနေရာတောင် မရှိပါဘူး။ သြော် … အရမ်းကို ဖွံ့ ဖြိုးတိုးတက်နေတဲ့ ရွှေတိုင်းပြည်ကြီးပါလား။ ရှေ့ ၃၀ ရက်နေ့ဆိုရင် ကဆုန်ညောင်ရေသွန်းပွဲနေ့ပါလား။ မနက်ဖြန်တော့ မိုးများများရွာအောင် အေးချမ်းအောင် ကဆုန်ညောင်ရေ များများသွန်းလောင်းမှ ဖြစ်မယ်လို့ စဉ်းစားထားမိတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS