လုပ်ငန်းခွင်မှ ရင်မောစရာများ နှင့် ထင်မြင်ယူဆချက်များ

ကျွန်တော်၏ လုပ်ငန်းခွင်ထဲမှ ကြုံတွေ့ရသော အတွေ့အကြုံများကို ရေးမယ် ရေးမယ်နဲ့ စဉ်းစားရင်းနဲ့ဘဲ ဘယ်ကစရေးရမှန်း မသိတာနဲ့ မရေးဖြစ်ခဲ့တာ ကြာလှပြီ။ ယခုတော့ စိတ်ထဲရှိသလို ရေးချင်စိတ်ကလည်း တွန်းအားပေးဖြစ်သော အခြေအနေများကြောင့် ရေးလိုက်မိပါသည်။ ကျွန်တော်၏ ထင်မြင်ယူဆချက်များကို မိမိအမြင်တစ်ခုတည်းဖြင့် တင်ပြထားပါသည်။ မှန်လျှင်လည်း မှန်မည် မှားလျှင်လည်းမှားမည် ကျွန်တော်၏ သုံးသပ်ချက်များသာ ဖြစ်ပါသည်။

ကျွန်တော့်အမြင်အရ လုပ်ငန်းခွင်တစ်ခုမှာ သူ့နေရာနှင့်သူ အလုပ်လုပ်ကိုင်တာ အကောင်းဆုံးဟု ထင်မြင်မိပါသည်။ ဥပမာ- ဆရာဝန်ကလည်း ဆရာဝန်အလုပ်ပေါ့၊ ဆရာဝန်က ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲ လာလုပ်လျှင် သူဘာလုပ်မည်နည်း။ ၄င်းဆောက်လုပ်ရေးလုပ်ငန်းကော တိုးတက် ပါမည်လား။ အလုပ်ဖြစ်ပါမည်လား။ အတိုင်းအတာတစ်ခုအထိ အောင်မြင်ပါမည်လား။ ဆေးသာ ကုတတ်သောဆရာဝန်က အိမ်တစ်လုံးကို ဖြစ်မြောက်အောင် တည်ဆောက်နိုင်ပါမည်လား။

ထိုနည်းတူ အုပ်ချုပ်ရေးပိုင်းမှ သူများကလည်း စာရေးစာချီနှင့် ဦးဏှောက်အသုံးပြုလုပ်ကိုင်နေရသည့် လုပ်ငန်းခွင်ထဲ ကူးပြောင်းလုပ်ကိုင်လျှင် ၄င်းတို့ လုပ်နိုင်ပါမည်လား။ သေချာတာတစ်ခုကတော့ စီမံခန့် ခွဲရေးအပိုင်းတော့ လုပ်နိုင်မည်။ ဒါတောင် အုပ်ချုပ်ပုံ နည်းစနစ်မှန်ကန်မှပင်လျှင် အောင်မြင်စွာ ကိုင်တွယ်နိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက အောက်ခြေကလည်း စိတ်ဆင်းရဲ၊ မတတ်သာလို့ ငုံ့ခံ လိုရာခရီးမပေါက်မည် ဖြစ်ပေမည်။

ယနေ့အချိန်အခါတွင် လုပ်ငန်းခွင်တိုင်း၌ ချက်ချင်းဆိုသော စကားရပ်သည် ပေါ်ပြူလာဖြစ်နေပေသည်။ ချက်ချင်း၊ အမြန်၊ ဆိုတာသည် သူနေရာနှင့်သူ ချက်ချင်းတာ ကောင်းပါသည်။ ဦးဏှောက်ကို အခြေတည်ပြီး ရေးရသားရသော နေရာများတွင် ချက်ချင်းဆိုသည်မှာ အမှားများစွာပါနိုင်သည်။ အောက်လက်ငယ်သားများကို Brain Storming လုပ်ချင်ပါက ထိုသူများကို လေ့ကျင့်ပေးထားရမည်။ အချိန်တစ်ခုပေး၍ ပြုစုပျိုးထောင်ထားရမည်ဟု ထင်ပါသည်။ ထိုသူများကို Brain Storming လုပ်နိုင် အောင် စွမ်းရည်ပြည့်ဝမှု တိုးတက်မှုကို စီမံခန့်ခွဲထားနိုင်ရပေမည်။

သို့သော် ယနေ့အခါတွင် လက်အောက်ငယ်သားများကို Brain Storming လည်းလုပ်ချင်သည်။ မည်သို့ မည်ပုံ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်ကိုလည်း နားမလည်ကြပေတော့ ကျွန်တော် ပြောချင်တာက ကျောက်ခဲကို ရေညှစ်ရင်တောင် ရေထွက်လာပါဦးမည်။ လူ့ဦးဏှောက်ကို ညှစ်ထုတ်ပါက ချက်ချင်းနှင့်တန်သော အရည်အသွေးပဲ ထွက်လာမည်ဟု ထင်မြင်ယူဆမိပါသည်။

နောက်တစ်ချက်က လုပ်ငန်းခွင်တွင် သူ့စည်းကမ်းနှင့်သူ လုပ်ကိုင်ပြီး သတင်းကို အတိအကျ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ပေးမှသာ လုပ်ငန်းခွင်အောင်မြင်မှု ရရှိနိုင်ပေမည်။ လုပ်ငန်းခွင် စည်းလုံးညီညွတ်မှသာ ၀န်ထမ်းအချင်းချင်း ပျော်ရွှင်စွာဖြင့် တက်ညီလက်ညီ လုပ်နိုင်မည် ဖြစ်ပေသည်။

ဥပမာပြရသော် မိမိရရှိထားသော သတင်းတစ်ခုကို (သို့မဟုတ်) မိမိအားအထက်လူကြီးမှ ခိုင်းလိုက် သောကိစ္စတစ်ခုကို မိမိမှ အခြားသူတစ်ဦးအား ပြန်လည်၍ခိုင်းစေပါက အထက်လူကြီး ပြောလိုက်သော စကားကို အတိအကျ ပြန်လည်ပြီး အခြားသူ (ထပ်မံခိုင်းစေမည့်သူ)အား ပြောရပေမည်။ တခြား မသမာသောစိတ်ကူးတစ်ခုဖြင့် အရေးကြီးသော အချက်လေးတစ်ခုကို မိမိအတွက်ချန်ပြီး ထပ်မံစေခိုင်းလိုက်သော လူကို ပြန်လည်ခိုင်းစေပြီး ရရှိလာသောရလာဒ်ကို မိမိက အစအဆုံးလုပ်သယောင်ပြု၍ လူကြီးထံ မျက်နှာလိုမျက်နှာရပြန်လည်တင်ပြပါက ၄င်းသူသည် အများ၏ ရွံ့ကြောက်ဖြစ်ကာ ရေရှည်တည်တံ့မည် မဟုတ်ပေ။

သို့သော် ကျွန်တော်လက်ရှိ မြင်ရသလောက်တော့ လုပ်ငန်းခွင်တိုင်း အထက်ပါကိစ္စရပ်များလို လုပ်ကိုင်သော လူစားမျိုးများကို မချစ်သော်လည်း အောင့်ကာနမ်းနေရသော လက်အောက်ခံ ၀န်ထမ်းအများအပြားရှိနေကြောင်း မြင်မိပါသည်။ ထိုအကျင့်ဆိုးကို တစ်ဦးချင်း စာနာ နားလည်စိတ်ဖြင့် ဖြေရှင်းမှ ရမည်လား။ မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရပါမည်လဲ။

Stepping Stone ဖြစ်နေရသော ၀န်ထမ်းများဘ၀ကိုလည်း ထည့်သွင်းဆွေးနွေးချင်ပါသည်။ Stepping Stone ကိစ္စ မဆွေးနွေးခင် အရာရှိလောင်းရွေးချယ်သည့် စနစ်ဆိုးကိုလည်း တစ်ပါတည်း ဆွေးနွေးချင်ပါသည်။ ယနေ့အခါ တိုင်းပြည်အတွက် လိုအပ်သော စီမံခန့်ခွဲမည့်သူ၊ ဦးဆောင်မည့်သူများကို ရွေးချယ်သောမူမှာ အမှန်တကယ် ပညာတတ်သော၊ လုပ်ငန်းခွင် အရည်အချင်းရှိသော၊ တီထွင်ကြံဆနိုင်သော၊ ပင်ကိုယ်စွမ်းရည်ထက်မြက်သော လူငယ်များသည် ရွေးချယ်သော စာရင်းထဲမပါဝင်ဘဲ လူတစ်စု၏ တော်သောလူများ ကိုဘဲ ရွေးချယ်သော မူဘဲဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုချင်သော လူတစ်စု၏ တော်သောလူများ ဆိုသော ဝေါဟာရကို စာဖတ်သူများ အာရုံဖမ်းစားမိမည် ထင်ပါတယ်။ ၄င်းအကျိုးဆက်ကြောင့် စကားကြီးစကားကျယ်ပြောရလျှင်တော့ တိုင်းပြည်၏ တိုးတက်မှုမှာ တစထက်တစ တိုးတက်မှုမြှားသည် ပြန်လည်ပြီး ကျဆင်းလာသည်ဟု ထင်မြင်မိပါသည်။

နေရာတိုင်း တကယ့်ကို အရည်အသွေးပြည့်ဝသော လက်အောက်ခံဝန်ထမ်းများ ရှိနေကြပါသည်။ ၄င်းတို့သည် အရာရှိအရာခံ ဖြစ်မလာဘဲ တော်ကြသော လူတစ်စုမှ ပေါက်ဖွားလာသော အရာရှိများ၏ နင်း၍တက်သွားကြသော Stepping Stone များ ဖြစ်နေကြပါ၏။ ဤနေရာ၌ ကိုယ့်ဒူးကိုယ်ချွန်ပြီး အောင်မြင်မှုရရှိပြီး လူသားချင်းစာနာသော အရာရှိများကို မဆိုလိုပါ။

နောက်ထပ်ရင်မောစရာတစ်ခုမှာ အကိုကြီး ညီလေး ပြသနာပင် ဖြစ်ပါသည်။ ညီလေးကတော့ အကိုကြီးလုပ်သမျှ အမှန်ပါဘဲ၊ အကိုကြီး ခိုင်းသမျှ မှားမှား မှန်မှန် ညီလေးကတော့ မစဉ်းစား မတွေးခေါ်တော့ပဲ ဖြစ်အောင် ချက်ချင်းလုပ်ပေးရမှာ ညီလေး၏ တာဝန်ပါဘဲ ဆိုတာမျိုး ယနေ့ကာလ တွင် နေရာဒေသတိုင်း၌ မြင်တွေ့နေရပါသည်။ ကြီးသူကို ငယ်သူက ရိုသေလေးစားတာ ကောင်းပါသည်။ မြန်မာမှု နယ်ပယ်တွင်လည်း လိုက်နာသင့်သော အလေ့အထ တစ်ခုပါ။ သို့သော် အကိုကြီးက အမှားလုပ်နေတာကို ညီကသိပြီး ပြန်ပြောရဲသည့် စိတ်ဓါတ်တော့ ရှိသင့်ပါသည်။ လူသားတွေပဲဗျာ မွေးကတည်းက ဦးဏှောက်ပါလာတာပါပဲ။ မိမိကိုယ်ပိုင် စဉ်းစားတွေးတော ဥာဏ်လေးနဲ့တော့ အမှား အမှန်ကို ဝေဖန်းပိုင်းခြားနိုင်ရမှာပေါ့။ အခုတော့ အကိုကြီး လုပ်သမျှ အမှန် ဖြစ်နေတာကတော့ ဦးဏှောက်မရှိရာ ရောက်ပါတယ်။

တစ်ဖက်ကပြန်ကြည့်ပြန်တော့လည်း ညီလေးပါးစပ်က ထွက်လာမယ့် ဆန့်ကျင်ဖက်စကားလုံးများကို အကိုကြီးက ညီလေးအကြိုက်တွေနဲ့ပိတ်ထားပြန်တော့ ညီလေးမှာရော ပြန်ပြောဖို့ သတ္တိဆိုတာ ရှိပါ အုံးမလား။ ရောင့်ရဲတင်းတိမ် အေးဆေးစွာနေမည်။ မိမိ၏ မိသားစုအဆင်ပြေရင်တော်ပြီ။ ဆိုသည့် မြန်မာတို့၏ သည်းခံနိုင်သော စိတ်ဓါတ်ကပင် ကျွန်တော်တို့၏ မွေးရာပါ အားနည်းချက်ပင် ဖြစ်နေပေတော့သည်။

လူ့စွမ်းအားအရင်းအမြစ်တိုးတက်အောင် နိုင်ငံတိုင်း သူ့နိုင်ငံနှင့်သူ အမျိုးမျိုးပြုလုပ်နေကြပေသည်။ ၄င်း အကြောင်းအရာထဲမှ တစ်ခုဖြစ်သော ပညာတော်သင် စေလွှတ်သည့် ကိစ္စရပ်ကိုလည်း ထည့်သွင်းတင်ပြချင်ပါသည်။ လူ့စွမ်းအားတိုးတက်အောင် ပညာတော်သင် စေလွှတ်နေပါသည်။ ထိုသို့ စေလွှတ်ပြီး ပြန်လာသည့် ပညာတတ်မြောက်လာသည့်သူကို ၄င်းသင်ယူခဲ့သော ပညာရပ်နှင့် သက်ဆိုင်သည့် နေရာတွင် ပြန်လည်ပြီး အသုံးချသင့်သည်ဟု ထင်ပါသည်။ နောက်တစ်ခုကလည်း train and trainer စနစ်ဖြင့် ထိုသို့သင်ယူတတ်မြောက်လာသောသူထံမှ တဆင့် ထပ်မံပြီး ပညာပြန့်ပွားအောင် ပြုလုပ်သင့်သည်ဟု ထင်မြင်မိပါသည်။ ၄င်း concept ကို ဘာကြောင့်များ မတွေးကြပါသလဲ။ လတ်တလောအဆင်ပြေမှုကိုသာ ကြည့်နေလျှင်တော့ လတ်တလောသာ အဆင်ပြေမည် ရေရှည်တွင် အဘယ်သို့ လျှောက်လှမ်းနိုင်မည်နည်း။ ယခုအချိန်အခါတွင် ကမ္ဘာပေါ်၌ မိမိတစ်နိုင်ငံတည်း ရပ်တည်၍ မရတော့သော အခြေအနေမှာ အားလုံးအသိပင်။ မိမိကနောက်ကျကျန် နေခဲ့လျှင် ၀ိုင်း၍ကူညီဖေးမတွဲခေါ်သွားကြမည် လိုက်လာနိုင်သည် မလိုက်လာနိုင်သည်က မိမိအပေါ်မှာပင် များစွာ မူတည်သည်ကို သိသင့်သည်ဟု သုံးသပ်ထင်မိပြန်ပေသည်။

နောင်အလျဉ်းသင့်လျှင် ထပ်မံပြီး ဆွေးနွေးချင်ပါသေးသည်။ ကျွန်တော်၏ ပုဂ္ဂလိက ခံစားချက်များကို ဖတ်ရှုပေးကြသော သူများအား ကျေးဇူးအထူးတင်ရှိပါသည်။

မိုးသောက်မာန်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS